WHAT TYPE OF SERVICES DO WE PROVIDE?
BACK TO 2015
သင်တန်းကနေ ဘာလိုအကျိုးအမြတ်တွေရခဲ့သလဲ?
၂၀၁၅ ခုနှစ် Charity အဖွဲ့အစည်းတခုမှာ အလုပ်လုပ်စဉ်တုန်းက ကံကောင်းထောက်မစွာနဲ့ အခွင့်အရေးတခုရခဲ့တယ် အဲ့ဒါကတော့ နီပေါနိုင်ငံ မှာပြုလုပ်တဲ့ ဆိုလာ၊ မီးအန္တရာယ်အချက်ပေးစနစ်၊ လျှပ်စစ်မီး နှင့် နည်းပညာပိုင်းဆိုင်ရာ သင်တန်းတက်ခွင့်ရခဲ့တာပါပဲ။ သာမာန်အားဖြင့် နည်းပညာသမားတယောက်က နည်းပညာပိုင်းဆိုင်ရာ သင်တန်းတက်ခွင့်ရတယ်ဆိုတာ မထူးဆန်းပေ့မယ့် မသက်ဆိုင်တဲ့ နယ်ပယ်တခုဖြစ်တဲ့ ဆိုလာ၊ မီးပေးအန္တရာယ်အချက်ပေးစနစ် နဲ့ လျှပ်စစ်မီး ဆိုင်ရာသင်တန်းကို သီးသန့်တက်ရောက်စေခြင်းကတော့ ကျွန်တော်အတွက်သိပ်ထူးဆန်းဖွယ်ရာကောင်းခဲ့ပါတယ်။ တကယ်တော့ ဒါတွေလုပ်တတ်သွားရင် ကိုယ့်ကို ရုံးမှာပြန်လုပ်ခိုင်းမယ်ဆို မသိခဲ့ဘူးကိုး။ ဒါပေမယ့်လည်း ဘ၀တကွေ့စာ ပညာတွေအများကြီးရလိုက်တဲ့ ၆ ရက် တာသင်တန်းက တကယ်တန်လှပါတယ်။ ၆ ရက်တည်းနဲ့ အကုန်လုပ်တတ်လာလား မေးရင်တော့ အရင်ကတည်းက ဒီအကြောင်းအရာတွေ ကောင်းကောင်းရင်းနှီးပြီးသား လလုပ်တတ်ပြီးသား ဖြစ်နေခဲ့လို့ လုပ်တတ်တယ်ပဲဖြေရမှာပေါ့ ပညာတွေအများကြီးရခဲ့တာက အမြတ်ပဲလေ။
သီအိုရီအပိုင်းမှာ ကိုယ်တွေသိထားတဲ့ ဆိုလာပိုင်းဆိုင်ရာ နဲ့ မီးအန္တရာယ်အချက်ပေးစနစ်ဆိုင်ရာ အသိတချို့ကို ပြောင်းပြန်လှန်လိုက်ရတဲ့အထိကို ကောင်းလွန်းလှတဲ့သင်တန်းတခုပါ။ အဖြူတွေကိုအထင်ကြီးတယ် ဖြစ်ရင်လည်းဖြစ်စေတော့ အင်္ဂလိပ်အဖြူတွေ တကယ်အလုပ်လုပ်ရင် တိကျသေချာအောင်တွက်ချက်တတ်တာ ဒီသင်တန်းမှာလက်တွေ့ကြုံလိုက်ရတယ်။ သီအိုရီကိုလိုက်နာတာ၊ မန်နူရယ်စာအုပ်ကိုသေချာဖတ်တာ၊ သတ်မှတ်စည်းကမ်းတွေအတိုင်းအန္တရာယ်ကင်းအောင်ဝတ်ဆင်တာ၊ အလောတကြီးမလုပ်ပဲအချိန်မှီပြီးအောင်စီမံတာ စုံနေအောင်ပညာတွေရလိုက်ပါရဲ့။ ဘထ္ထရီဘယ်နှစ်အိုးသုံးရင် ဆိုလာအချပ်အရေအတွက်ဘယ်လောက် ဝပ်ဘယ်လောက်နဲ့ ဘယ်ပစ္စည်းတွေဘယ်နှစ်နာရီကြာအောင်သုံးလိုရမလဲ တွက်ခိုင်းတဲ့အချိန်တွေက မေ့မရနိုင်အောင်ပါပဲ။
ခေါင်မိုးပေါ်ဆိုလာတပ်ရင်း စိတ်ဝင်စားရာတခုထပ်တွေ့ခဲ့ရတာက အအေးလွန်ကဲတဲ့ နီပေါနိုင်ငံ မှာသုံးတဲ့ နေရောင်ခြည်သုံးရေနွေးဖန်ပြွန်တွေပါပဲ။ အိမ်အမိုးပတ်လည် တပ်ဆင်ထားတဲ့ ဖန်ပြွန်ရေနွေးချောင်းတွေက တနေ့တာရေသုံးစွဲတာအတွက်ကို လုံလောက်အောင်စီမံပေးနိုင်တာလည်း လေးစားအားကျစရာ နည်းပညာတခုပဲ။
သင်တန်းကြီးပြီးလို့ ရန်ကုန် ပြန်ရောက်တော့ လုပ်လိုက်ရတဲ့ လျှပ်စစ်မီးပိုင်းဆိုင်ရာတွေ၊ မိုးကြိုးလွှဲတပ်တာတွေ၊ အပ် (earthing) ရိုက်တာတွေ၊ မီးစက်ဆင်တာတွေ နဲ့ ဆိုလာတပ်ဖို့တိုင်းတာရတာတွေ ပြောမကုန်အောင် ပင်ပန်းလွန်းပါရောပဲ။ နေ့စဉ်တာဝန် နည်းပညာအလုပ်တွေမလစ်ဟင်းအောင်ကြိုးစားရင် အပိုအလုပ်တွေထပ်စီမံရတာ ရူးခါနေတာပေါ့။ ဘာပဲပြောပြော အားလုံးက ခဏပါ၊ ပင်ပန်းလည်းခဏ၊ လုပ်လိုက်ရလည်းခဏ၊ မပြီးဆုံးလည်းခဏ၊ အဲဒီလိုခဏတွေကြားထဲအရာရာပြီးဆုံးဖို့ကြိုးစားရင် ရှေ့ဆက်ရတာပဲလေ။ ကိုယ်ဝါသနာပါရာအလုပ်တွေလုပ်ရင်း ခဏတိုင်းကျော်ဖြတ်နိုင်ဖို့ အခုတဖန်လည်း ခဏလောက်နားပါရစေဦးတော့။
PRO TECH SOLUTIONS
Attending Solar, fire alarm and Electrical Training at Nepal