WHAT TYPE OF SERVICES DO WE PROVIDE?
BACK TO 2011
ဘာတွေလုပ်ခဲ့ရလဲ ဘာတွေကြုံတွေ့ခဲ့ရလဲ?
စိတ်ညစ်စရာအတိဖြစ်ခဲ့ရတဲ့ ဆိုက်ကလုံးမုန်တိုင်းဂီရိကြောင့် ထိခိုက်ခဲ့တဲ့ ရခိုင်ပြည်နယ်ရဲ့မြို့တော်တွေ အတော်များပါတယ်။ အဲ့ဒီထဲကမှ မြေပုံမြို့ ကလည်းအတော်လေး ဆိုးဆိုးဝါးဝါးခံစားခဲ့ရတဲ့ နေရာတခုဖြစ်ပါတယ်။ မုန်တိုင်းဒဏ်သင့်ခံရတဲ့ နေရာတွေရဲ့ထုံးစံအတိုင်း ဆန် ဆီ ဆား စတဲ့ အဓိကအစားအစာတွေအပြင် သောက်ရေပါ ဆိုးဆိုးဝါးဝါး ရှားပါးတဲ့အထိ ဖြစ်ခဲ့ရတာပါ။ တောင်ပတ်လည်က ကျလာတဲ့ တောင်ကျချောင်းရေတွေကလည်း မုန်တိုင်းပြီးသွားလင့်ကစား ဆက်လက်အခက်အခဲတွေပေးနေပါသေးတယ်။ ခြင် တွေပိုမိုပေါများလာမှုကြောင့် ခြင် ကတဆင့်ဖြစ်တဲ့ရောဂါတွေဖြစ်ပွားနှုန်း တိုးပွားလာတယ်၊ ရေမသန့်တာတွေ သောက်သုံးရမှုကြောင့် ဝမ်းရောဂါတွေဖြစ်ပွားလာတယ်၊ ယင်ကောင် ကပေးတဲ့ဒုက္ခတွေကြောင့်လည်း ဖြစ်ပွားတဲ့ရောဂါတွေကလည်း မနည်းပေဘူးကိုး။
ဘ၀မှာနောင်တမရှိတဲ့အလုပ်ကိုပြပါဆိုရင် နည်းပညာသမားဘ၀ကိုရွေးချယ်ခဲ့တာ နံပါတ် ၁ အနေနဲ့ပြောရမှာဖြစ်ပြီး၊ နံပါတ် ၂ အနေနဲ့ဆို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေပေါ်မှာ တစိုက်မတ်မတ် ကိုယ်ဝါသနာပါရာ နည်းပညာသမားဘ၀နဲ့ဖြတ်သန်းခဲ့ရတာပါပဲ။ လူတွေအမြင် မပင်မပန်းနဲ့ ဒေါ်လာတွေရတယ် လစာကောင်းတယ် ဆိုပြီးပြောတတ်ကြပေမယ့် စိတ်ဝင်တစားလုပ်ရင်း သဘာ၀ဘေးဒုက္ခတွေကိုခံစားရတဲ့ ကိုယ့်သွေးချင်းပြည်သူတွေရဲ့ ပင်ပန်းမှုတွေကို နေ့စဉ်မြင့်တွေ့ ကြားသိနေရတဲ့အလုပ် ဘယ်လောက်စိတ်ပင်ပန်းစရာကောင်းမလဲဆိုတာ ဝင်ရောက်ခံစားပေးနိုင်သူတွေ နည်းလှပါတယ်။
အခုလည်း ဂီရိမုန်တိုင်းကြောင့် နယ်ကျော်ခရီးထွက်ရမယ် ညအိပ်ရက်ရှည်ဖြစ်မယ် ပင်ပန်းမယ် စသဖြင့် ကိုယ့်ဆရာတွေရဲ့ ကြိုတင်အကြောင်းကြား အသိပေးမှုနဲ့ အတူ တက်တက်ကြွကြွ ကြိုတင်ပြင်ဆင်ပြီး ခရီးနှင်ဖို့ စိတ်လောနေမိတယ်။ ကိုယ်တာဝန်ကျရာ နေရာက ရခိုင်ပြည်နယ်ရဲ့ နယ်စပ်မြို့တော် "မောင်တောမြို့" ပေါ့။ သိရှိသူတွေနည်းခဲ့တယ် ဘယ်လောက်ခက်ခဲလဲဆိုတာ မရောက်ရင်မသိနိုင် မကြုံရင်မယုံနိုင်မဲ့ မြန်မာပြည်တွင်းရဲ့ ဌာနေတိုင်းရင်းသား ရခိုင်လူမျိုးတို့ရဲ့ မြို့တော်တခုပေါ့။ မွတ်ဆလင်ဘာသာဝင်တွေလည်းအများကြီးရှိတယ်၊ ဟိန္ဒူဘာဝင်တွေလည်း မနည်းဘူးရှိတယ်၊ နယ်အစုံက လူမျိုးပေါင်းစုံလည်း နေထိုင်ကြတဲ့ မြို့လေးတမြို့ပေါ့။ မောင်တောမြို့ ကိုရောက်ဖို့ဆိုရင် ရန်ကုန် ကနေ စစ်တွေ ကို လေယာဉ်နဲ့တဆင့် (ကားနဲ့ဆိုရင် အဲ့ဒီတုန်းက နာရီ ၃၀ လောက်စီးရတယ် အဆင်မပြေဘူး)၊ မြို့တော် စစ်တွေ ကနေ ရသေ့တောင်မြို့ ကိုရောက်ဖို့က ရေလမ်းခရီး နေ့တဝက်၊ ရသေ့တောင်မြို့ ကနေ ဘူးသီးတောင်မြို့ ကိုရောက်ဖို့က ရေလမ်းခရီး နေ့တဝက်၊ ဘူးသီးတောင်မြို့ ကနေ မောင်တောမြို့ ကိုရောက်ဖို့က ကားလမ်းခရီး ၃ နာရီ၊ တကယ်ကို ကုန်းတတန်၊ ရေတတန်၊ လေတတန် နဲ့မှရောက်နိုင်တဲ့ လမ်းခရီးခက်ခဲလှတဲ့မြို့လေးပါ။
အဲ့ဒီမြို့ကနေ အဆင့်ဆင့်ပြန်သွားရမဲ့ မြေပုံမြို့ ဆိုတော့ အတော်လေးပြင်ဆင်ရတယ်။ လက်တော့လေးဆွဲပြီး ထွက်လာလို့ရတဲ့ အလုပ်မျိုးလည်း မဟုတ်။ ပြင်ဆင်စရာအတွက် Toolbox တွေစုံနေအောင်ထည့်၊ အစာရေစာအတွက်လည်း မုန့်တွေကြိုတင်ဝယ်၊ ဆောင်းတွင်းအဝင်ကာလ အေးလွန်းလို့ အဝတ်အထည်တွေလည်း ပြင်ဆင်၊ ၃ ရက်လောက် မရက်မနားပြင်ဆင်ရတဲ့ ခရီးစဉ်တခုပါ။ မြေပုံရောက်တယ်ဆိုရင်ပဲ အင်တာနက်ရအောင် Satellite Dish ဆင်ရတာ၊ မီးလိုင်းသွယ်တန်းရတာ၊ အင်တာနက်အရံစနစ်ပြင်ဆင်ရတာ၊ အရေးပေါ်သုံး နည်းပညာပစ္စည်းတွေ စီမံရတာနဲ့ ညမအိပ်ရအောင်အလုပ်များရတာ Emergency Response တွေရဲ့ထုံးစံပါပဲ။ ကိုယ်တင်ပဲအလုပ်များတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး လူတိုင်းအဖွဲ့တိုင်းက သူ့အလုပ်နဲ့သူ ညမအိပ်ရအောင် အလုပ်များကြ တာပါပဲ။ သို့ပေမယ့် ကိုယ်တွေ့ ဖိအားတချို့နည်းနည်းပိုကောင်းပိုမယ်ပေါ့။ မီးစက် တပ်ဆင်ရတယ်၊ အင်တာနက်လိုင်းတပ်ဆင်ရတယ်၊ ရေဒီလိုလိုင်း တပ်ဆင်ရတယ်၊ အိမ်မီးသွယ်တန်းရတယ်၊ မိုးကြိုးလွှဲတွေတပ်ရတယ်၊ ပြောမယ်ဆိုရင် မကုန်နိုင်အောင် အလုပ်များလှပါတယ်။ ဆိုပေမယ့်လည်း မပင်ပန်းနိုင်ပါဘူး ကိုယ့်မျက်စိရှေ့မှာ ပိုပြီးပင်ပန်းနေရတဲ့ ရခိုင်ပြည်သူတွေက ဒုနဲ့ဒေ မလား။ အလာတုန်းက တပ်ဆင်တယ် အပြန်မှာကျတော့ ပြန်ဖြုတ်ကြရတယ်။ ဘ၀တကွေ့မှာ ခဏတွေ့ခဲ့ရတဲ့သူတွေအားလုံးအတွက် တတ်နိုင်သလောက်အပြုံးနဲ့ဆက်ဆံ သူတို့တွေ သောကခဏအေးစေဖို့ ပျော်စရာဟာသတွေ နောက်ပြောင်ပြောဆိုရင်း ပေါတောတောနဲ့ ဖြတ်သန်းခဲ့ရတဲ့ မုန်တိုင်းအလွန် ညတာတချို့ အိပ်မက်ရှည်လေး ပြန်မက်လိုက်ပါရဲ့။
PRO TECH SOLUTIONS
၂၀၁၁ ခုနှစ် ဂီရိ ဆိုက်ကလုံဒဏ်ခံ ရခိုင်ပြည်နယ် မြေပုံမြို့ ကိုခေတ္တရောက်ရှိခဲ့စဉ်